ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံစေတနာ့ဝန်ထမ်းများအား ဖြန့်ခွဲစေလွှတ်သွားမည်

ကသာ ဖေဖော်ဝါရီ  ၂၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ACCESS TO HEALTH FUND အထောက်အပံ့ဖြင့်  ဆောင်ရွက်လျက်ရှိသည့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီ ရရှိရေး စီမံချက်”  Reaching Equitable  Access To Health Through Local – empowerment (REAL) Project ၏ ဘက်စုံစေတနာ့ ဝန်ထမ်း(ICMV) မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကသာပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းမှာ တက်ရောက်သော ဘက်စုံစေတနာ့ဝန်ထမ်းများအား ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ဖြန့်ခွဲစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကသာမြို့နယ်မှာ ကျေးရွာပေါင်း(၁၆၆)ရွာရှိပြီး ဘက်စုံစေတနာ့ဝန်ထမ်းတွေကို ဖြန့်ကျက်ပြီး ထားချင်ပါတယ်။ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ ပြည်သူတွေကို အသိပညာပေးဖို့၊ စေတနာ့ဝန်ထမ်းကနေ ကျေးရွာဒေသခံပြည်သူတွေကို ကျန်းမာရေး၊ ပညာရေး ဗဟုသုတတွေကို အသိပေးပို့ချပေးဖို့အတွက် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ချိတ်ဆက်ပြီး စေတနာအပြည့်နဲ့စွမ်းဆောင်မယ့် စေတနာ့ဝန်ထမ်းတွေခေါ်ယူပြီး မွမ်းမံသင်တန်းပေးခဲ့ခြင်း ဖြစ်တယ်။ ဒါ့အပြင် ကျေးရွာများမှာရှိတဲ့ သားဖွားဆရာမများနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေမှာ ကူညီဖို့ စေတနာ့ဝန်ထမ်းများကို သင်တန်းပေးပြီး မွေးထုတ်ပေးခြင်းဖြစ်တယ်။  ယခုကသာ မြို့နယ်မှာ ဘက်စုံစေတနာ့ဝန်ထမ်း (၄၃)ဦးရှိပါတယ်”လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာလာမာမီးက ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေးစီမံချက်”ကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် လူထုအခြေပြုကျန်းမာရေးလုပ်ငန်းများ၏ အဓိကလုပ်ငန်းများဖြစ်သည့် စေတနာ့ဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်၍ ဘက်စုံစေတနာ့ဝန်ထမ်းမွမ်းမံသင်တန်း များ ဖွင့်လှစ်ပို့ချလျက်ရှိပြီး သံသယလူနာညွှန်ပို့ခြင်း၊ ဆေးသောက်စောင့်ကြည့်ကူညီခြင်း၊ ကုသမှုပြီးစီးသည်အထိ စောင့်ကြည့် ကူညီခြင်း၊ ခရီးစရိတ်ထောက်ပံ့ခြင်း၊ ကျန်းမာရေးဟောပြောပွဲပြုလုပ်ခြင်း၊ တီဘီရောဂါဆိုင်ရာနှင့် အခြားကျန်းမာရေးလုပ်ငန်း များကို လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                                   

ရဲအောင်(ကသာ)