မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

မိုးညှင်း ဇွန် ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ဇွန်လ (၁)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် မိုးညှင်းခရိုင်အတွင်းရှိ Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိရာ စက်မှုနည်းပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၇၉)ဦး၊ စိုက်ပျိုးရေးပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးနှင့် မွေးမြူရေးပညာ ဘာသာရပ်တွင် ကျောင်းသားကျောင်းသူ (၁၉)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၁၃)ဦးကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနည်းပြ (၁၃)ဦးနှင့် ဘာသာရပ်သင် ဆရာ/ဆရာမ (၁၀)ဦးတို့က အခန်း (၆)ခန်းခွဲ၍ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်သင်ကြားမည့် ကျောင်းပေါင်း (၅၁)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်တွင် (၃)ကျောင်းဖွင့်လှစ်လျက်ရှိပြီး မိုးညှင်းခရိုင်အတွင်း၌ မိုးညှင်းမြို့ အ.ထ.က(၂) ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)