မိုးညှင်းတက္ကသိုလ်၌ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မိုးညှင်း     မေ      ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မဉ္ဇူမင်းက ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် ကျွမ်းကျင်နားလည်သွားစေရန်၊ မိမိတတ် ကျွမ်းနားလည်သော ဘာသာရပ်ကိုပြန်လည်၍ ပိုင်နိုင်စွာ ပို့ချနိုင်စေရန်နှင့် ဘာသာရပ်အသစ်များကို အလေးထားပြီး တိုင်ပင်ဆွေးနွေးမှုများ ပိုမိုပြုလုပ်သွားစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မိုးညှင်းခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်းက အဆိုပါ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သက်၍ မိတ်ဆက် ပြောကြားကာ သင်တန်းသား သင်တန်းသူများအတွက် မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုးက ရွှေဖီဦးလက်ဖက်ရည် အထုပ်(၅၀)ကို တာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား Grade-9 သင်တန်းသူ ဆရာမများက “ဉာဏစစ်သည်” တေးသီချင်းဖြင့်လည်းကောင်း၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ပြည်နယ်အဆင့်၌ ဆုများအသီးသီးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိုးညှင်းတက္ကသိုလ်မှ ဆရာမများက တေးသီချင်းများနှင့် အကပဒေသာများဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေခဲ့ကြပြီး တပ်မှူးနယ် မှူးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းခရိုင်အတွင်း အခြေခံပညာကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို သင်တန်းသား သင်တန်းသူ စုစုပေါင်း (၄၆၅)ဦး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းများအား ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေမိုးညှင်း