ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနား စီးပွားရေရာဝန်ကြီးတက်ရောက်

မော်လမြိုင်    မေ   ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှုသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Sunshine Hotel ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)မှ တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဟိုတယ်များက အခြေခံအကျဆုံးအပိုင်းမှ ပါ၀င်နေပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုကြောင့် စီးပွားရေးကျဆင်းခဲ့ရပါကြောင်း၊ ယခုအချိန်တွင် ရောဂါကူးစက်မှုလျော့နည်းသွားသည့်အလျှောက် နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ပိုမိုတိုးတက်လာရောက်လည်ပတ်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့ မွန်ပြည်နယ်အနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဧည့်ဝန်ဆောင်မှုကောင်းများ စနစ်တကျပေးအပ်နိုင်ရန် လိုအပ်ပါကြောင်း၊ နည်းစနစ်ကျပြီး အရည်အချင်းပြည့်မီသော ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အရေးကြီး၍ အဆင့်အတန်းမီသည့် ၀န်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန်အတွက် ယခုလို ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းတက်ရောက်စဉ် ကာလအတွင်း ဆရာများ၏ သင်ကြားပို့ချပေးသည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို နည်းစနစ်တကျ လေ့လာသင်ယူပြီး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကိုမြှင့်တင်၍ အနာဂတ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာနေရာမှ တစ်တပ်တစ်အား ပါဝင်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်၏အကျိုး၊ မွန်ပြည်နယ်အကျိုးကို တစ်ဖက်တစ်လမ်းမှ သယ်ပိုးဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သင်တန်းသား/သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဧည့်ကြိုသင်တန်းအား Than Lwin Hotel တွင် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးဖြင့်လည်းကောင်း၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းအား Hotel KS တွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးဖြင့်လည်းကောင်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းအား Sun Shine Hotel တွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးဖြင့်လည်းကောင်း စုစုပေါင်းသင်တန်း (၃)မျိုးမှ သင်တန်းသား၊ သင်တန်းသူ(၈၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၅-၅-၂၀၂၃)ရက်နေ့မှ (၃-၆-၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)