ကျောက်မဲ မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြစိမ်းရောင် ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာ အကောင်အထည် ဖော်စီမံကိန်း၊မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်း အနားကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရေးမှူးရဲမှူးစိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆမ်သိန်းက စီမံကိန်းသုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်းများ အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးစိုးမြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ရာတွင် ပထမဆုရရှိသည့် ကောင်းမှူးပွတ်ကျေးရွာ၊ ဒုတိယဆုရရှိသည့် နမ့်ဟန်ခိတ် (တောင်) ကျေးရွာ၊ တတိယဆု ရရှိသည့် ခိုက်တုန်ဟုန်ကျေးရွာတို့မှ တာဝန်ရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာ အကောင်အထည် ဖော်စီမံကိန်း ကော်မတီဝင်များကစီမံကိန်းဆိုင်ရာများကို သုံးသပ်ဆွေးနွေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာ(၆၀) ရွာမှ ကော်မတီဝင်(၁၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)