ပေါင် ဧပြီ ၂၈
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ဆင်ဖြူရပ်ရှိ မြသိန်းတန်စေတီတော်၏ စိန်ဖူးတော်အထွဋ်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက်(၇)နာရီက မြသိန်းတန်စေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနှင့်ဇနီးတို့မှ စိန်ဖူးတော်အထွဋ်နှင့်ငှက်မြတ်နားတော်တို့အား မြိုင်ကြီးငူဆရာတော်ထံသို့ ကပ်လှူခဲ့ကြပြီး တာဝန်ရှိသူများမှ စိန်ဖူးတော်အထွဋ်နှင့်ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်(၃)ကြိမ် လှည့်ပတ်ပူဇော်ခဲ့ကြပြီး စိန်ဖူးတော်အထွဋ်နှင့်ငှက်မြတ်နားတော်တို့အား စေတီတော်ပေါ်သို့ လက်ဆင့်ကမ်းပင့်ဆောင်၍ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနှင့်တာဝန်ရှိသူများမှ တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုး၊ ငွေမိုးရွာသွန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြသိန်းတန်ကျောင်းဓမ္မာရုံ၌ မြသိန်းတန်စေတီစိန်ဖူးတော်အထွဋ်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးအောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနား ဆက်လက်ပြုလုပ်ခဲ့ရာ နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ကြပြီး မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တဉာဏိကထံမှ ( ၅ )ပါး သီလခံယူခြင်း၊ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း၊ ၎င်းနောက် ပင့်သံဃာ ၁၈၀ ပါးတို့အား ဒကာ/ဒကာမများမှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)