ပေါင် ဧပြီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်သူများအနေဖြင့် အစားအသောက်များကို စနစ်တကျ စားသောက်တတ်စေရန်နှင့် မစားသင့်သည့်အစာများကို ရှောင်ကျဉ်တတ်စေရန် အစားအသောက်တွင် ပါဝင်သည့် အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများကို ပြည်သူများသိရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက်က ပြဌာန်းထားသည့် စာသုံးသူကာကွယ်ရေး ဥပဒေများကိုလည်းကောင်း၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်း တာဝန်များကိုလည်းကောင်း၊ ကုန်စည်နှင့်စပ်လျဥ်းသည့် အာမခံချက်များ၊စီးပွားရေး လုပ်ငန်းရှင်များ ဝန်ဆောင်မှုလုပ်ငန်းနှင့် အာမခံချက်များ ပါဝင်ရမည့်အချက် များကိုလည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့်လိုက်နာရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)