ပေါင် ဧပြီ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်တီဘီရောဂါနှင့် အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာထွန်းဦးက တီဘီရောဂါလူနာသစ်များ ရှာဖွေဖော်ထုတ်ရန်လည်းကောင်း၊ တီဘီဆေးသောက်နေသူများ ဆေးသောက်ကာလပြီးဆုံးသည်အထိ စနစ်တကျတိုက်ကျွေးနိုင်ရန်လည်းကောင်း၊ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု လျှော့ချရန်လည်းကောင်းစသည်များ ဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် မွန်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသက်လွင်က တီဘီရောဂါသည်များအားရှာဖွေပြီး ဆေးတိုက်ကျွေးရမည့် အစီအစဉ်များ၊ ဆေးကိုမပျက်မကွက် နေ့စဉ်အချိန်မှန်သောက်သုံးမှ ရောဂါပျောက်ကင်းသက်သာမည်ဖြစ်ပါကြောင်း ရောဂါခံစားနေရသူများကိုလည်း အချိန်မီဆေးကုသမှုခံယူကြရန် ကျန်းမာရေးဝန်ထမ်းများက မြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သင်ကြားဆွေးနွေးခဲ့သည်။
အဆိုပါ တီဘီရောဂါဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ရပ်ကွက်/ ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်း (၄၄)ဦးတို့က (၂) ရက်ကြာသင်ကြားပြသသွားမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)