သဲကုန်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီး၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများ အရောက် လစဉ်တစ်လလျှင် (၁၀) ရွာရွေးချယ်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် လိန်တန်းအုပ်စုသခွတ်တန်း အ.မ.ကကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန်နှင့် နည်းစနစ်များ မျှဝေပေးနိုင်ရန် ယခုလိုဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှ အုပ်စုအတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ဆီးချိုသွေးချိုစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး