ပေါင်မြို့နယ်တွင် ငှက်ဖျားရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပေါင်      ဧပြီ     ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ  ငှက်ဖျားရောဂါအ‌ကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တာဝန်ခံဦးဂျွိုင်းကိုကိုက ငှက်ဖျားရောဂါဖြစ်ပွားလာရသည့်အကြောင်းအရာများ၊ ဖြစ်ပွားမှုမရှိအောင်ကာကွယ်ရမည့်အချက်များ၊ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်တတ်သောကြောင့် ခြင်ထောင်များဖြင့်အိပ်ကြပါရန်၊ ငှက်ဖျားရောဂါဖြစ်ပွားလာပါကလည်း နီးစပ်ရာဆေးပေးခန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့သွားရောက်ပြသခြင်းဖြင့် ဆေးကုသမှုခံယူကြရန်လိုအပ်ပါကြောင်း အိမ်တိုင်းမိသားစုတိုင်းကို ဆေးစိမ်ခြင်ထောင်များအခမဲ့ဝေငှပေးထားခြင်းဖြင့် ငှက်ဖျားရောဂါများကာကွယ်ကြရန်စသည့် အကြောင်းအရာများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)