ကျိုက်မရောမြို့နယ်၌ မိုးရာသီတွင် စိုက်ပျိုးရန်ပျိုးပင်များအခမဲ့ဖြန့်ဝေပေးမည်

ကျိုက်မရော ဧပြီ  ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနက လာမည့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာစေရေး၊ အပူဒဏ် လျော့နည်းစေရန်နှင့်  သဘာဝသစ်တောများ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်စေရေးတို့အတွက် လူထုဖြန့်  အစီအစဥ်ဖြင့် ပျိုးပင်ပေါင်း  (၃၅၀၀၀) ကို အခမဲ့ဖြန့်ဝေ စိုက်ပျိူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျိုးပင်များကို မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာ စာသင်ကျောင်းများ၊ တပ်ရင်း တပ်ဖွဲ့များ၊ သာသနာ့နယ်မြေများ၌ စိုက်ပျိုးနိုင်ရန် ကျွန်း၊ မန်ဂျန်ရှား၊ မဟောဂနီ၊ ကုက္ကို၊ ယူကလစ်၊မဲဇလီ၊ သစ်ဆိမ်​၊ ပိတောက်၊ ရေတမာ၊ စိန်ပန်း၊ ခရေ စသည့်အရိပ်ရ အပင်များနှင့်ရတနာတန်းဝင် နှစ်ရှည်ပင်ပေါင်း သုံးသောင်းခွဲကို ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း နှင့် ယခုအခါ  အဆိုပါ ပျိုးပင်များကို  ကျိုက်မရော မြို့  သစ်တောဦးစီးဌာနရုံးဝင်းရှိ  မြို့မပျိုးဥယျာဥ်ခြံ ၌ စနစ်တကျ ပြုစုပျိုးထောင် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

“လာမည့် ၂၀၂၃ ခု မိုးရာသီမှာ “သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် လူထုဖြန့် အစီအစဥ်နဲ့ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် သစ်တော သစ်ပင်တွေကို ချစ်မြတ်နိုးပြီး တန်ဘိုးထားထိန်းသိမ်းတတ်စေဖို့  ရည်ရွယ်ပြီး ပျိုးထောင်ထားရှိခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးညွှန့်ရွှေ၏ ပြောပြချက်အရ သိရသည်။

  ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)