ပခုက္ကူမြို့၌ ခြောက်ကြိမ်မြောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးမည်

ပခုက္ကူ ဧပြီ ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယခုနှစ်မေလ၈ရက်မှစတင်ပြီး ခြောက်ကြိမ်မြောက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းမှာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) ဖြစ်ပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးသော သင်တန်းအမျိုးအစားဖြစ်ကြောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာရပ်များစဉ်ဆက် မပြတ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန်၊ ကျေးလက် ဒေသရှိ အမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်စေရန်၊ တစ်ဦးချင်း ဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး၊ တတ်မြောက်ထားသောအတတ်ပညာများကို မှန်ကန်စွာအသုံးချ၍ တစ်ဦးချင်းဝင်ငွေ နှင့်မိသားစုဝင်ငွေများကို သမာအာဇီဝကျစွာ ရှာဖွေနိုင်စေရန် တို့အတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှာ ၂၀၂၃ ခုနှစ်အတွင်း ပထမဦးဆုံးဖွင့်လှစ်မည့်သင်တန်းဖြစ်ပြီး မေလ၈ရက်မှစတင်ပြီး ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသူ ၃၅ ဦး တက်ရောက်မည်ဖြစ်ပြီး နေထိုင် စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအားစရိတ်ငြိမ်းဖြင့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် ပညာရပ်များကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှစတင်ပြီး  ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သောအဆင့်ရောက်သည်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန်အပ်ချုပ်စက်များ အရစ်ကျ ရောင်းချ ပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီဆုချီးမြှင့်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က ပြောပြသည်။

သင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာ သင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့် လှစ်သင်ကြားပေးရာ ယင်းပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုသူပေါင်း (၁၆၃၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)