သထုံ ဧပြီ ၂၄
မွန်ပြည်နယ်၊ သထုံမြို့တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာစေရေးအတွက် ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဖွင့်လှစ်သင်ကြးပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းကို ယခုလဆန်းပိုင်းမှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး တစ်လခွဲကြာခန့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းပိတ်ရက်ကာလ၌ နေ့စဉ်နံနက် ၈ နာရီခန့်မှစတင်ကာ ၉:၃၀ နာရီအချိန်ခန့်အထိ သင်တန်းသား၊ သင်တန်းသူ ၄၀ နီးပါးခန့် တက်ရောက်နေကြပြီး နည်းပြသုံးဦးတို့က ဗုဒ္ဓစာပေကျမ်းဂန်များလာယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာ နေထိုင်ပြုမူပြောဆိုတတ်စေမည့်နည်းလမ်းများတို့ကို သင်ကြားပေးလျက်ရှိကြောင်း ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းအနေဖြင့် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ဖွင့်လှစ်ခြင်းအပြင် ဗုဒ္ဓစာပေများပြန့်ပွားရေးအတွက် အခြေခံအဘိဓမ္မာသင်တန်း၊ နိကာယ်၊ သံယုတ်သင်တန်းများ၊ (၃၈)ဖြာမင်္ဂလာသင်တန်းစသည့် ဗုဒ္ဓစာပေဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်