ဒီးမော့ဆို အောက်တိုဘာ ၃
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေ၊ မဲစာရင်းနှင့် စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများ ရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ပထမအကြိမ် ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင် ၅၆၃၉၁ ဦးပါဝင်ပြီး ယခုဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် မဲဆန္ဒရှင် ၂၉၉ ဦးတိုးလာကာ စုစုပေါင်းမဲဆန္ဒရှင် ၅၆၆၉၀ ဦးရှိလာကြောင်း၊ မဲစာရင်းနှင့် ပတ်သက်၍ တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများရှိပါက မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာသည့် ၁၄ ရက်အတွင်း ပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်သဲဦး ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)