သုံးခွမြို့ဇေယျသိဒ္ဓိပရိယတ္တိ စာသင်တိုက်၌ (၂၆)ကြိမ် မြောက်အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲ၊ ပဋ္ဌာန်း အောင်ပွဲကျင်းပ

သုံးခွ ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက်၊‌ ဇေယျသိဒ္ဓိ ပရိယတ္တိစာသင်တိုက်၌ (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်း‌အောင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပကြောင်းသိရသည်။

ပထမဦးစွာ ပဋ္ဌာနဘာဏကသံဃာ တော်အရှင်သူမြတ်များနှင့် ဧည်ပရိသတ်များက " အောင်" ဂါထာတော်ကို ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံ‌တော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်၊ ဇေယျသိဒ္ဓိ ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ မထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာ‌တော်ကြီးနှင့် ပဋ္ဌာနဘာဏကဆရာတော်တို့အား အလှူရှင်များ ကိုယ်စား ဒါယိကာမ ဒေါ်ခင်ကြည်က နဝကမ္မဝတ္ထု ငွေဆက်ကပ်လှူဒါန်းရာ ဆရာတော်များကိုယ်စား ကပ္ပိယ ဦးသန်းနိုင်ဦးက လက်ခံရယူပြီးနောက် အကျိုးတော်‌ ဆောင်ဆရာ ဦးကျော်ခန့်က ကျေးဇူးတင်စကားပြောကြားပြီး ပဋ္ဌာန်းပွဲနှင့် ပတ်သက်၍ ရသုံး‌ငွေစာရင်းစာရင်းတင်ပြ လျှောက်ထား ကြောင်း သိရသည်။

ထို့နောက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရက အနုမောဒနာတရား‌ဟောကြားပြီး လှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းချ အမျှ‌ပေးဝေကာ နတ်ဗြဟ္မာများအား ဆရာတော် ဘဒ္ဒန္တနာဂသေန (မိုးကုတ်ကမ္မဋ္ဌာနာစရိယ)က ပြန်လည်ပို့ဆောင်ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူ‌ဇော်ပွဲကို ဧပြီလ ၁၈ ရက်မှ ၂၂ ရက်ထိ ပဋ္ဌာနဘာဏက ဆရာ‌တော်အပါး (၂၀)တို့က  အလှည့်ကျ အသံမစဲပဋ္ဌာန်း‌ဒေသနာ‌တော်များ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြ‌ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်