ကျိုက်ထိုမြို့နယ်၌ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပထမအကြိမ်(အခမဲ့)ထိုးနှံပေး

ကျိုက်ထို ဧပြီ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် (အခမဲ့)ထိုးနှံပေးခဲ့သည်။

အဆိုပါ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဘုန်းတော်ကြီးသင်စာသင် တိုက်များမှရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာလေးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာရှိ ပြည်သူများအား ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက(အခမဲ့) ကာကွယ်ဆေးအလုံး(၃၀၀)အား ကျိုက်ထိုမြို့၌ ထိုးနှံပေးပြီး ကျိုက်ထိုခရိုင်၊ သိမ်ဇရပ်မြို့ရှိ ပြည်သူများအား အလုံးရေ(၁၅၀) အားထိုးနှံပေးမည်ဖြစ်‌သည်။

ဆက်လက်၍ ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဧပြီလ ၂၈ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)