ဒိုက်ဦး ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ညောင်လေးပင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ဆွေးနွေးဆုံးဖြတ်ချက်အရ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများ လူနေမှုဘဝမြှင့်တင်နိုင်ရေး လာမည့် မိုးစပါးရာသီမှစ၍ ကြဲခင်းစနစ်အစား Seeder စနစ်၊ ပျိုးထောင်စနစ်၊ တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုးသွားနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအား အပိုင်လိုက်နယ်မြေခွဲဝေ၍ ကြီးကြပ် ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည်။
အဆိုပါ ဖွဲ့စည်းတာဝန်ပေးအပ်ထားရာတွင်ပါဝင်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့သည် အဖွဲ့ (၄) ဖွဲ့ခွဲကာ ဧပြီလ၂၀ ရက်နေ့မှစတင်၍ မြို့နယ်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)