ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူး ဧပြီ ၂၁

ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်(၇:၀၀)နာရီမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃)ပေအကွာမှ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယနေ့ထုတ်ယူရမည့် မြို့တွင်းကြီး၊ နန်းတော်ရာ၊ ရုံးကြီး၊ ရှင်စောပု၊ လိပ်ပြာကန်၊ ပုဏ္ဏားစု၊ ပန်းလှိုင်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအားထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်  ကိုယ်စားထုတ်ယူနိုင်ကြောင်းသိရပြီး ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်စားဝန်ထမ်း (၁၂၀၀၀)ဦးခန့် ထုတ်ယူလျက်ရှိကြောင်း ဘဏ်မန်နေဂျာထံမှ သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)