ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီ အားကစားသင်တန်း၊ ယဥ်ကျေးလိမ္မာသင်တန်းနှင့် ကင်းထောက်သင်တန်းများ ဖွင့်လှစ်

ဆင်ပေါင်ဝဲ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီ အားကစားသင်တန်း၊ ယဥ်ကျေးလိမ္မာသင်တန်းနှင့် ကင်းထောင်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရန်အတွက် အေရိုးဗစ်လေ့ကျင့်ခန်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာ၊ စာရိတ္တ၊ ကိုယ်ကျင့်တရားများ ကောင်းမွန်စေရန်အတွက် ယဥ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ပြီး နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များအနေဖြင့် ရပ်ကျိုး၊ ရွာကျိုးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းသယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အခြေပြုကင်းထောက်သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်နေ့မှ ဧပြီ ၂၆ ရက်နေ့အထိ သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)