မင်းဘူးမြို့၌ သံဃာတော်များဖြင့် မြို့တွင်းသို့ လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မင်းဘူး ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယ၌ သံဃာတော်များဖြင့် မြို့တွင်းလှည့်လည် ပူဇော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ လိုက်ပါခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအရှင်ပုည ဦးဆောင်၍ သံဃာတော် (၁၅)ပါးက မှန်ကင်းကျောင်းတိုက်ရှေ့မှစတင်ကာ မြို့တွင်းသို့ မော်တော်ယာဉ်များဖြင့် လှည့်လည် ပူဇော်ခဲ့ကြသည်။

အဆိုပါ ပရိတ်တရားတော်များ ပူဇော်ပွဲတွင် ဆရာတော် သံဃာတော်များနှင့် အကျိုးတော်ဆောင်များ၊ ပရဟိတအဖွဲ့ဝင်များအား စေတနာရှင်၊ အလှူရှင်များက မုန့်ပဲသရေစာများ၊ အအေးများ လှူဒါန်းကြသကဲ့သို့ လမ်းတစ်လျှောက်ရှိ မြို့မိ မြို့ဖများ၊ တပည့် ဒါယကာ၊ ဒါယိကာမများ၊ မြို့သူ မြို့သားများက ပရိတ်ရေများ၊ ပရိတ်သဲများ ကြဲပက်ပေးခြင်းကို ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)