ဓနုဖြူ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နွေရာသီမူလတန်းအဆင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စု၊ အ.မ.က ရေတွင်းကုန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ နွေရာသီမူလတန်းအဆင့် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။ ရှေးဦးစွာ အခမ်းအနားကို နမောတသ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆုံးမစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှဌေးနှင့် ဓနုဖြူမြို့နယ် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်းဥက္ကဋ္ဌတို့မှ သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အဆိုပါ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အလှူရှင်များက စာရေးကိရိယာ၊ ဗလာစာအုပ်နှင့် အလှူငွေများအား ကျောင်းအုပ်ဆရာမကြီးထံသို့ လှူဒါန်းပေးအပ်ခဲ့သည်။ အဆိုပါ နွေရာသီ မူလတန်းအဆင့် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား(၅၀)ဦး၊ ကျောင်းသူ (၆၀)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက်ရောက် သွားမည်ဖြစ်ပြီး သင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ၊ နေ့စဉ် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီအထိ (၁၀)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)