ကံမမြို့၌  FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး

ကံမ ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များမှ အစားအသောက် (၁၁)မျိုးကို နမူနာကောက်ယူ၍ နေပြည်တော် ဓာတ်ခွဲခန်းသို့ စားသုံးရန် သင့်၊ မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အဆိုပါ အစားအသောက်နမူနာ (၁၁)မျိုးအနက် (၂)မျိုးတွင် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေကြောင်း တွေ့ရှိရပြီး စားသုံးရန်မသင့်သည့်အတွက် ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရေးနှင့် ကုန်ပစ္စည်းလက်ကျန် မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)