ပြည် ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုရေကစားမဏ္ဍပ်၌ မဟာသင်္ကြန် (အတက်နေ့) ယမန်နေ့ညနေ ၅ နာရီတွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် (ပိတ်သိမ်းပွဲ) ကျင်းပရာရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရေကစားသူပြည်သူများအား နှစ်သစ်ကူးမင်္ဂလာ ဆုမွန်တောင်း စကားမိန့်ကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်၌ ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ကြသော ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ အကဲဖြတ်ဒိုင်အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဆုရယိမ်းအဖွဲ့များက အကအလှများဖြင့်ဧည့်ခံဖျော်ဖြေကြသည်။
ဆက်လက်၍ ရေကစားသူပြည်သူများနှင့်အတူ ခေတ်ပေါ်တေးဂီတ သီဆိုဖျော်ဖြေမှုများဖြင့် ပျော်ရွှင်စွာရေကစားကြပြီး တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ မြနန္ဒာတေးသီချင်းသီဆိုကပြဖျော်ဖြေမှုဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)