ညောင်တုန်း ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ညနေ ၄ နာရီအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၃၆)ရှိ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးက မဟာသင်္ကြန်ပွဲတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်းနှင့် မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပေးပါသော တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ကူညီဖျော်ဖြေပေးခဲ့သော အဆိုရှင်များနှင့် ယိမ်းအကအဖွဲ့တို့အား အမှတ်တရလက်ဆောင်နှင့် ဆုများချီးမြှင့်ပေးခဲ့ကြပြီး အမှတ်(၁၀)ရပ်ကွက်ယိမ်းအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေ၍ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)