ကံမ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်ခဲ့ရာ မြို့လယ်လမ်းဆုံနေရာ မြို့နယ်ပညာရေးမှူးရုံးရှေ့၌ မြို့နယ်ဗဟိုမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး ယနေ့သင်္ကြနအတက်နေ့ ဧပြီ ၁၆ ရက်နေ့၌ လည်းစည်ကားသိုက်မြိုက်စွာဖြင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
ဗဟိုမဏ္ဍပ်သို့ လာရောက်ရေကစားကြသည့် ပြည်သူများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များမှ စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြပြီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များနှင့် ပျူမဟာတေးဂီတအဖွဲ့မှ အဆိုရှင်များက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။ ကံမမြို့နယ်အတွင်း ဘုရားကျောင်းကန်များနှင့် စေတီပုထိုးများတွင်လည်း ဗုဒ္ဓဘာသာဝင်များသည် ဆီမီး ပန်း ရေချမ်း ကပ်လှူပူဇော်ခြင်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မရိပ်သာများတွင် ဥပုသ်သီလ ဆောက်တည်ခြင်းများ၊ တရားဘာဝနာ ပွားများအားထုတ်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)