ကျိုက်လတ် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်က စည်ကားသိုက်မြိုက်စွာဆင်နွှဲခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့တွင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများ၊ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအကများ၊ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
သင်္ကြန်အကျနေ့တွင် ကျိုက်လတ်မြို့နယ်အတွင်း၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကိုထိန်းသိမ်းကာ ယိမ်းအက၊ ရိုးရာအက၊ အလှ၊ တေးဂီတတို့ဖြင့် မြူးထူးပျော်ရွှင်စွာ ရေကစားကြရာ (၈)ဖြတ်လမ်းမှ (၁၀)ဖြတ်လမ်း ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့တွင်းအနှံ့သင်္ကြန်ရေကစားမဏ္ဍပ်တို့၌ စည်ကားလျက်ရှိသည်ကို တွေ့ရသည်။ သင်္ကြန်အကျနေ့တွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ကျိုက်လတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ သပြေခက်ဖြင့် ရေများပက်ဖြန်း ပါဝင်ဆင်နွှဲ၍ ယိမ်းအကများ၊ ရိုးရာအကများ၊ တေးသံရှင်များ၏ အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်