မကွေး ဧပြီ ၁၅
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက်(၈)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်စိုးတင်လတ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေသဘင်မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့ရောက်ရှိရာ မကွေးလေတပ်စခန်းဌာနချုပ်မှ သင်္ကြန်ယိမ်းပျိုဖြူလေးများက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ကပြဖျော်ဖြေသည့် ယိမ်းပျိုဖြူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အရာရှိကြီးများ၏ ဇနီးများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ အဆိုဝါသနာရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်းရှိ ဝန်ကြီးဌာနအသီးသီးအလိုက် ရေကစားမဏ္ဍပ်များသို့ ရောက်ရှိခဲ့ပြီး ဌာနအသီးသီးမှ ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ အဆိုဝါသနာရှင်များက တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၅)ခု စုစုပေါင်းမဏ္ဍပ်(၆)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ဗဟိုမဏ္ဍပ်နှင့်ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအကအလှအဖွဲ့(၂၅)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေလျက်ရှိသည့်အပြင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေး ယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ်စတုဒိသာ မုန့်များဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)