ကျိုက်ထိုမြို့၌ မဟာသင်္ကြန် အကျနေ့ စတုဒီသာ ကျွေးမွေးလှူဒါန်း

ကျိုက်ထို     ဧပြီ  ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိုးရိုး‌လေးမိသားစုနှင့် ဘဲလေးစားသောက်ဆိုင်မိသားစုတို့ပူးပေါင်း၍  မဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက်ပိုင်း၌ ပြည်သူ့ဈေးရှေ့တွင်မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေ းလှူဒါန်းမှူကို စု‌ပေါင်းပြုလုပ်ခဲ့ကြသည်။

စတုဒီသာလှူဒါန်းရာတွင် ကျိုက်ထိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး ကြာဇံကြော်နှင့်အချိုရည်၊အအေး တို့ကို စတုဒီသာအဖြစ်လှူဒါန်းကြရာ ကျိုက်ထိုမြို့ပေါ်ရှိရပ်ကွက်များမှပြည်သူများနှင့် ဈေးရောင်းဈေးဝယ်လာကြသူ(၆၀၀)ကျော်က ပျော်ရွှင်စွာဖြင့် လာရောက်သုံးဆောင်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့်အလှူရှင်များက တပျော်တပါး စုပေါင်းလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်၌ရိုးရာအစားအစာများကိုယခုကဲ့သို့ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများအပြင် ပွဲတော်ကာလ၌  ရိုးရာအစဉ် အလာမပျက် သက်ကြီး ပူဇော်ပွဲများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များ စသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ကို ဆင်နွှဲနိုင်စေရန်စီစဉ်ထားကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)