ကံမ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ကံမမြို့မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်ထက်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေအိမ်များ၊ ဈေးဆိုင်များနှင့် ဌာနဆိုင်ရာအဆောက်အဦးများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းသည့် လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ ဂက်စ်မီးဖိုအသုံး ပြုသူများအနေဖြင့် လုံခြုံစိတ်ချမှု ရှိစေရေး အမြဲစစ်ဆေးရန်နှင့် ထင်း၊ မီးသွေး အစရှိသည့် မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအားစနစ်တကျ မီးငြှိမ်းသတ်ကြရန် စသည်တို့ကို စစ်ဆေးအကြံပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)