ကြံခင်းမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကရာတေးသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကြံခင်း  ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဖွဲ့စည်းထားသော Youth Club အဖွဲ့နှင့်ပူးပေါင်းပြီး နွေရာသီအားကစားသင်တန်းများမှ  ကရာတေးသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့်  မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်သောအနာဂါတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာမှာဖြစ်ကြောင်း ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရာတေးနည်းပြဆရာဦးသိန်းဌေးက ကရာတေးသင်တန်း၏ဆောင်ပုဒ်နှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားပြီးနောက်  ကရာ တေးသင်တန်းတွင် ထူးချွန်သောအားကစား သမားများအား ဂုဏ်ပြုဆုနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ ကြပြီး၊ သင်တန်းသား/သူများက  ကရာတေးတိုက်ကွက်များဖြင့်  သရုပ်ပြသကြသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများ၊ Book Clubအဖွဲ့ အတွင်းရေးမှူးဦးအေးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ Youth Clubအဖွဲ့ဝင်များ  တက်ရောက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)