မင်းဘူခရိုင် စုပေါင်းရုံး(၄)ထပ်ဆောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မင်းဘူး ဧပြီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စုပေါင်းရုံး(၄)ထပ်ဆောင်၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 ထိုသို့ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းက စုပေါင်းရုံးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်ထားရှိသောပစ္စည်းများကို စုပေါင်းရုံးရှိ ဝန်ထမ်းများအားလုံးစနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးစိန်ထွန်းဦးဆောင်ပြီး ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် မိမိတို့ရုံးပတ်ဝန်းကျင်တွင် အရန်သင့်တပ်ဆင်ထားရှိသင့်သော မီးသတ်ဆေးဘူး အမျိုးအစားများအကြောင်း၊ မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရန် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်ပိုက်သုံးစွဲပုံများကို ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပြခြင်းနှင့် ပညာပေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)