ပုသိမ် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကိုရှင်းလင်းပြောကြားရာတွင် စိုက်ပျိုးမှုအောင်မြင်မှ ပြည်တွင်းစားသုံးဆီဖူလုံလာမည်ဖြစ်ရာ စိုက်ပျိုးရေးကို ရှေးဦးစွာအောင်မြင်အောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးကဏ္ဍများ အောင်မြင်မှုကို နိုင်ငံတော်အဆင့်သိရှိအောင်တင်ပြနိုင်မှသာ တိုင်းဒေသကြီး၏ ဆောင်ရွက်နေမှုများကိုသိရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများမျှော်မှန်းသည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်ဆီဖူလုံမှုရှိကာ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအထိ မျှော်မှန်းထားကြောင်း အမှာစကားပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်လုပ်ငန်းရှင်များကဲ့သို့ ဆောင်ရွက်သွားကြပြီး ညီနောင်အသင်းပုံစံဆောင်ရွက်သွားကြရေးနှင့် တိုင်းဒေသကြီးဆီစက်ပိုင်ရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်မှုကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးအောင်က အသင်းအဖွဲ့များပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အသင်းအဖွဲ့များ အားကောင်းဖို့အတွက် လွန်စွာမှအရေးကြီးကြောင်း၊ တိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားသွားကြရန်ပြောကြားခဲ့သည်။
ထို့နောက်ဧရာ၀တီတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း အလုပ်အမှုဆောင်အသစ်များ၏ အမည်စာရင်းတင်သွင်းခြင်းနှင့် အတည်ပြုခြင်းကိုဆောင်ရွက်ခဲ့ကြပြီး ဧရာ၀တီတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ခြင်းနှင့် အတည်ပြုခြင်း၊ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအလိုက်ဥက္ကဋ္ဌများရွေးချယ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး ပုသိမ်ခရိုင်ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်အောင်က မိတ်ဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်