ရွှေတောင် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မျိုးဆက်သစ်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ တက်ရောက်ရန် သင်တန်းသားရွေးချယ်ခံနိုင်ရေး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကျောင်းသား/ကျောင်းသူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရှာဖွေချိတ်ဆက်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသားရွေးချယ်ခြင်းကို မြို့နယ်အားကစားမှူးဒေါ်ခင်နုနုဖြိုးနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူမိဘများနှင့်တွေ့ဆုံ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ခွင့်ပြုချက်ရယူကာကြံ့ခိုင်မှု(၅)မျိုးဖြင့် စစ်ဆေးရွေးချယ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရွေးချယ်ထားသော ကျောင်းသား/ကျောင်းသူ /(၈)ဦးကို ကြံ့ခိုင်မှု(၅)မျိုးလေ့ကျင့်ပေးပြီး အားကစားနည်းများအလိုက် အခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူ(၈)ဦးအား ပဲခူးမြို့တွင် ဧပြီလ(၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရွေးချယ်ရေးအဖွဲ့များမှ အပြီးသတ် Final အဆင့် လာရောက်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်း(၁၃)မျိုးအနက် (၇)မျိုးဝင်ရောက်ရွေးချယ်ခံရမည်ဖြစ်ကြောင်းနှင့် မြို့နယ်အားကစားကွင်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်ပြန်/ဆက်