ပေါင် ဧပြီ ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီ၌ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဖြူဘကျေးရွာရှိ ကတိုက်ရေလှောင်တမံ ရှင်းလင်းဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုးတင့်နိုင်က မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စနစ်တကျမြေယာပြုပြင်ဆောင်ရွက်ရေး၊ ပိုးမွှားရောဂါများကာကွယ်နှိမ်နှင်းရေးတို့အပြင် သွင်းအားစုများကို စနစ်တကျသုံးစွဲကြရေး ဆွေးနွေးအမှာစကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှုး(ငြိမ်း)ဦးမြင့်စိုးက တောင်သူအချင်းချင်းတို့အား တွေ့ဆုံပေးခြင်းဖြင့် နည်းပညာအတွေ့အကြုံများဖလှယ်ကာ စိုက်ပျိုးထွက်ကုန်များ ရာနှုန်းပြည့်ကျော်လွန် အထွက်တိုးနိုင်စေရန် ရည်ရွယ်မျှော်မှန်းကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်မှ တောင်သူအဖွဲ့တို့က ဖြူဘကျေးရွာ ကွင်းအမှတ်(၇၇၂)မှ တောင်သူဦးအုံးလှိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော ရွှေအာဆီယံစပါးစိုက်ခင်းနှင့် ဘာစမာတီစပါးစိုက်ခင်းသို့လည်းကောင်း၊ ရွာတန်းရှည်ကျေးရွာ ကွင်းအမှတ်(၇၆၂)မှ တောင်သူဦးဟန်ဝင်းအောင်၏ လယ်မြေတွင်စိုက်ပျိုးထားသော ရတနာတိုးစပါး စိုက်ခင်းသို့လည်းကောင်း ကွင်းဆင်းလေ့လာခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း)ဦးမြင့်စိုး၊ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်နှင့်တာဝန်ရှိသူများ၊ ပေါင်မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)