ဇလွန်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဇလွန် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ​ယမန်နေ့ ညနေ ၃ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပထမပြန် စူဠဘွဲ့နှင်းသဘင် နာယကဆရာတော်များ၊ အထူးကြီးကြပ် ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝတ္ထုငွေများ၊ စာချဆရာတော်များအား မြို့မိမြို့ဖများမှ ဝတ္ထုငွေများ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်များအတွက် အောင်လက်မှတ်နှင့်ဝတ္ထုငွေများ၊ အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင် ဆုလက်မှတ်နှင့်ဝတ္ထုငွေ၊ စာချဆရာတော်၊ သင်တန်းဆရာများအား ဝတ္ထုငွေများ အသီးသီးဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နာယကဆရာတော်ထံမှ သြဝါဒခံယူ၍ ရေစက်ချတရား နာယူခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့သည်။

ဇလွန်(ပြန်/ဆက်)