စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်း (၁၂) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦးတက်ရောက်ခဲ့

မုံရွာ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် နွေရာသီအားကစားသင်တန်း (၁၂) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပြီး အဆိုပါသင်တန်းဆင်းပွဲကို ဧပြီလ ၃ က်နေ့ နံနက်ပိုင်းက မုံရွာမြို့ပြည်သူ့အားကစားကွင်းရှိ မိုးလုံ လေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သင်တန်း ဆင်းပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်အရာထမ်း အမှုထမ်းများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ရှေးဦးစွာဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုနွေရာသီအချိန်တွင် လူငယ်လူရွယ်လေးများ အားကစားပညာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် သင်တန်းတွင်ကြားပြသပေးကြပါသော သင်တန်းနည်းပြများအား ကျေးဇူးတင်ရှိကြောင်း အမှာစကားပြောကြားသည် ။

ထို့နောက် ၂၀၂၃ ခုနှစ် နွေရာသီ အားကစားသင်တန်းများတွင် တက်ရောက်ပြီးမြောက်ခဲ့ကြသည့် သင်တန်းသား ၊ သင်တန်းသူများအား ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ အား လုံးကိုယ်စား သင်တန်းသားသင်တန်းသူ ၂ ဦးက လက်ကလက်ခံရယူခဲ့ကြသည် ။

ဆက်လက်ပြီး သင်တန်းကာလအတွင်း ကျင်းပပြုလုပ်ခဲ့သော မြန်မာ့သိုင်းအားကစား အမျိုးသား ၊ အမျိုးသမီးပြိုင်ပွဲနှင့် ကရာတေးဒို ပြိုင်ပွဲများတွင်ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် သင်တန်းသား သင်တန်းသူများ၏ မြန်မာ့သိုင်း၊ ကရာတေးဒို၊ မြန်မာ့ရိုးရာခြင်း၊ Fitness Dance သရုပ်ဖော်ပြသမှုများကို ကြည့်ရှု့အားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ပိုက်ပျော်ခြင်း၊ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ Fitness Dance. နှင့်ကာယကြံ့ခိုင်မှု သင်တန်း ၁၂ မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းများဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)