မြို့သစ်မြို့ သုခသမ္ပဒါလေသာကျောင်းတိုက်အတွင်းရှိ စေတီတော်များအား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပ

မြို့သစ် ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ မင်းရပ်ကွက်၊ သုခသမ္ပဒါလေသာကျောင်းတိုက်၌ လွန်ခဲ့သော ရှေးနှစ်ပေါင်းတစ်ရာကျော်ကတည် ထားကိုးကွယ်ခဲ့သော "မဂ္ဂင်စေတီတော်၊ လေးဆူရံစေတီတော်၊ အောင်ချမ်းသာစေတီတော်၊ ရန်ကြီးအောင်စေတီတော်၊ သိမ်တော်ဦးစေတီတော်တို့သည် ယိုယွင်းပျက်စီးခဲ့ရာပြီးခဲ့သော အနှစ်(၂၀)ခန့်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီမိသားစု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမိသားစုတို့က ပြုပြင်ခဲ့ပြီး ယခုအခါရွှေထီးတော်များသည် အရောင်အဆင်းမရှိမှေးမှိန်နေသည့် အတွက်ကျောင်းတိုက်၏ ပဓာနနာယကမြို့သစ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဇောတအား ဦးထိပ်ထား၍ မြို့သစ်မြို့နယ်၊ က.ပ.စ(၁၇)စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်၊ ဒုတိယဗိုလ်မှူးကြီးညီညီသွင်၊ ဒုတိယဗိုလ်မှူးကြီး ထင်ကျော်တို့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သီဟအောင်မှ ကြီးမှူးကာ အများပြည်သူအလှူရှင်တို့၏ လှူဒါန်းမှုဖြင့် စေတီတော်(၆)ဆူနှင့် အရံစေတီတော်(၄)ဆူတို့အား ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့နံနက်(၇)နာရီက မြို့သစ်မြို့၊ မင်းရပ်ကွက်သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ကျင်းပသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာသုခသမ္ပဒါလေသာကျောင်းတိုက်ဆရာတော်ထံမှ (၅)ပါးသီလဆောက်တည်ခဲ့ပြီး စကြာသာသနာပြု ရွှေထီးတော်တင်အဖွဲ့မှ နတ်များပင့်ဖိတ်ခြင်း၊ ဥပါသကာများက သံဃာတော်များထံ ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆတ်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဆရာတော်အရှင် သူမြတ်တိူ့ကပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇယ်ချီးမြင့်တော်မူကာ ဥပါသကာများက ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်းများကို စေတီတော်များ၏ ရင်ပြင်တော်တွင် လက်ျာရစ်လှည့်ပတ်၍ ပူဇော်လျှက်ပတ်ဖြန်းချည်နှောင်ခဲ့သည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်၊ ဥပါသကာဒါယကာ၊ ဒါယိကာမများနှင့် စကြာသာသနာပြု ထီးတော်တင်လှူပူဇော်ရေးအဖွဲ့တို့က ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)