ကျွန်းလှမြို့နယ်၌ ယခုနှစ် နွေစပါး ၂၁၆ ဧက စိုက်ပျိုးပြီးစီး

ကျွန်းလှ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရန် ဧက ၃၇၀ လျာထားသည့်အနက် ယနေ့အထိ ၂၁၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“နွေစပါးစိုက်ပျိုးဖို့ ဧက ၃၀၀ ကျော်လျာထားပါတယ်။ လက်ရှိအချိန်အထိ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ နွေစပါးကို သဖန်းဆည်ရေကျတဲ့ လယ်မြေတွေမှာ အဓိကထားစိုက်ပျိုးကြပါတယ်။ အကျိုးဆောင်‌တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

 အဆိုပါ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်ရရှိရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ် လိုက်နာကျင့်သုံးရေး၊ သွင်းအားစုပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

 ကျွန်းလှမြို့နယ် ရွာသီ၊ စံပြ၊ ရွှေတောင်၊ ငါးဘတ်အိုင်နှင့် အင်းကောင်းကျေးရွာတို့တွင် နွေးစပါး စိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)