ကော့မှူး ဧပြီ ၂
အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင်စုနှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်ကြီးအတွင်းရှိ မိဂဒါဝုန်ဓမ္မရုံတော်ကြီး၌ ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြ သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက သာသနာရေးဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် ဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ဆက်ကပ်လှူဒါန်းခဲ့ရာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ်တွင် အကြီးတန်းစာအောင်သံဃာ ၂ ပါး၊ အလတ်တန်းစာအောင်သံဃာ ၅ ပါး၊ အငယ်တန်းစာအောင်သံဃာ ၆ ပါး၊ မူလတန်းစာအောင်သံဃာ ၃၈ ပါး စုစုပေါင်း (၅၁) ပါး အောင်မြင်ခဲ့ကြကြောင်းသိရသည်။
ကျော်သူရကော့မှူး