မြစ်သား ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှု သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးမှအဖွင့်အမှာစကားပြောကြားပြီး၊စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေးသမဝါယမအသင်းလီမီတက်၏ မန်နေဂျာ ဦးနိုင်အောင်က စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်ကောင်းမွန်ပြီး ဖြစ်ထွန်းအောင်မြင်စေရန် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်းမှ ထုတ်လုပ်သော သဘာဝမြေသြဇာ၏ အရည်အသွေးများ ပါဝင်ပစ္စည်းသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှုများကို သိရှိပြီး အသင်းသားတောင်သူများ ထိထိရောက်ရောက်သုံးစွဲရန်အကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းမှ သဘာဝမြေသြဇာသုံးစွဲခြင်းနှင့် ပတ်သက်ပြီးရရှိလာမည့် အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးနည်းပညာများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများမှ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းနှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းလီမီတက်မှ အသင်းသားများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာများရှိ သမဝါယမတောင်သူအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)