သထုံ မတ် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို သထုံစာဖြေဌာနဖြစ်သည့် မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဘွဲ့နှင်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်က စတင်ကျင်းပရာ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် မူလတန်းအဆင့်၌ သံဃာတော် ၃၄၃ ပါးနှင့် သီလရှင် ၁၀၉ ပါး၊ အငယ်တန်းအဆင့်၌ သံဃာတော် ၂၀၇ ပါး၊ သီလရှင် ၃၆ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး၊ အလတ်တန်းအဆင့်၌ သံဃာတော် ၁၁၉ ပါးနှင့် သီလရှင် ၈ ပါး၊ အကြီးတန်းအဆင့်၌ သံဃာတော် ၁၀၃ ပါးနှင့် သီလရှင် ၇ ပါး စုစုပေါင်း သံဃာတော် ၇၇၂ ပါး၊ သီလရှင် ၁၆၀ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦးတို့ လာရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲကို မတ်လ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုတော်မူကြသည့် ရဟန်းသံဃာတော်များ နှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေး ဆရာတော်များနှင့်ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းစသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နဒီ(ပြန်/ဆက်)