မော်လမြိုင် မတ် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံပညာဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(မော်လမြိုင်)ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်လင်းက အဂတိ လိုက်စားမှု၏သဘောသဘာဝ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျောင်းပညာရေးကဏ္ဍ၊ နိုင်ငံတကာမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနည်းလမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကျောင်းပညာရေးကဏ္ဍမှရရှိမည့် အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထိုနောက်ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို “အဂတိကင်းစင်ဖို့ ကျင့်ဝတ်လိုက်နာကြပါစို့” “အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍနှင့် ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်