ပုသိမ် မတ် ၂၉
အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအား ယခုလ တတိယပတ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် အခြေခံပညာ မူလတန်းသို့ တက်ရောက်မည့် ကလေးငယ်များအား သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို အခြေခံပညာမူလတန်းသင် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် ပိုမိုဂရုစိုက် လေ့လာမှတ်သားစေလိုပါကြောင်း၊ ကလေးငယ်များအတွက် ပတ်ဝန်းကျင်ကောင်းများလည်း ဖန်တီးပေးနိုင်ရန်လည်းလိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့်လည်း ဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့၏အရည်အသွေးများ ပြည့်ဝအောင် အစဉ်ကြိုးစားနေကြရမှာဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး အတွက်လည်း ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အလေးအနက်ထား မှာကြားလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပေးအပ်ခဲ့ရာ ပုသိမ်မြို့နယ် ပညာရေးမှူးက လက်ခံရယူခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် နည်းပြများနှင့် မူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၃၃၀၃၃)ဦး တက်ရောက်လျက်ရှိပြီး ၂၈.၃.၂၀၂၃ မှ ၃၁.၃.၂၀၁၃)ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)