မုဒုံ မတ် ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာရှိ မွန်စာသင်ကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်နှင့်ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ရည်ရွယ်ချက်များ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် ငွေစာရင်းဇယားများတိကျမှန်ကန်စေရေး စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လက်တက်ကျေးရွာရှိ စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းနှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ အသင်းသား စုစုပေါင်း ၆၃ ဦးအား ချေးငွေပမာဏ ၃၃ ဒသမ ၅ ကျပ်သန်းကို နေ့ချင်းအပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)