လပွတ္တာမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

လပွတ္တာ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များကို လပွတ္တာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သြဘာလမ်းတလျှောက် လူစည်ကားရာ နေရာများတွင် စောင်ရေ(၁၀၀)ကို ပြည်သူများ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။ စာစောင်တွင် မီးဘေးဆိုသည်မှာ၊ မီးလောင်ခြင်းကြောင့် လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးတစ်ခုဖြစ်ကြောင်း၊  မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်ဆောင်ရွက်ရမည့် အချက်များ၊   အထပ်မြင့်တိုက်များ မီးလောင်လျှင်၊  မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့လာလျှင် လုပ်ဆောင်ရမည့်အချက်များ၊  လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲရမည့် အချက်များ၊ ရုတ်တရက် မီးလောင်ကျွမ်းခြင်းဖြစ်ပေါ်က မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးသတ်ယာဉ်များဖြင့် အမြန်ဆုံးငြိမ်းသတ်နိုင်ရေးအတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊  ဆောင်ရွက်ရမည့် အချက်များပါဝင်သည်။ လပွတ္တာမြို့နယ်အတွင်း မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကိုလည်း(နေ့စဉ်) ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်