ပခုက္ကူမြို့၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ပခုက္ကူ  မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက် မွန်းတည့်၁၂နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေ ဆောင်)၌ စတင်ဖြေဆိုကြသည်။

ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန်ရည်ရွယ်၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၁ရက်မှ စတင်ကျင်းပလျက်ရှိရာ ယမန်နေ့ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ပထမလတ်၊ ပထမငယ်၊အခြေပြုမူလတန်း) တို့တွင် ဖြေဆိုမည့်ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းပေါင်း (၅၂၁) ပါးဖြစ်ပြီး ကြွရောက်ဖြေဆိုသူစုစုပေါင်း (၄၃၉)ပါးရှိကြောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ (မြန်မာဂုဏ်ထူး) တွင် ဖြေဆိုမည့်ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းပေါင်း(၁၃)ပါးဖြစ်ပြီး ကြွရောက်ဖြေဆိုသူစုစုပေါင်း (၆)ပါးရှိကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကိုမတ်လ ၂၈ ရက်မှစတင်ဖြေဆိုခြင်းဖြစ်ပြီး အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၃၀ ရက်နေ့တွင် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေထံက သိရသည်။

အဆိုပါစာမေးပွဲကို ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဝင်ဆရာတော်များ၊ ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့် ဖြေဆိုကြပြီး စာမေးပွဲများအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့်သီလရှင်များ၏ ဝေယျာဝစ္စများနှင့်ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)