သရက် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မူလတန်းဆင့် ဆရာ/ဆရာမ များ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ အခြေခံမူလတန်းဆင့် ဆရာ/ဆရာမများ သင်ကြားမှု အရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်တာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် သင်တန်းကို သင်တန်းဆရာ(၂၀)ဦးဖြင့် သင်တန်းသား ဆရာ/ဆရာမ (၆၀၈)ဦး အား မတ်လ(၂၈)ရက်မှ (၃၁) ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)