ပွင့်ဖြူ မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီကစတင်ပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌနှင့် ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုကျင်းပပြုလုပ်ရာ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်း စသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၂ ပါး ကြွရောက်ဖြေဆိုခဲ့ကြောင်းသိရကာ ဖြေဆိုရန် ပျက်ကွက်သည့် ရဟန်း၊ သာမဏေ ၊ သီလရှင် စုစုပေါင်း ၆ ပါး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ စာမေးပွဲသို့ ကြွရောက်ကြီးကြပ်တော်မူသော မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ ကြွရောက်ဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စေတနာအလှူရှင်များက ဆွမ်းဝေယျာဝစ္စနှင့်စားသောက်ဖွယ်ရာ အချိုပွဲများ နေ့အလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )