မြောင်းမြ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အထိမ်းအမှတ်နေ့များတွင် ပြိုင်ပွဲဝင်ကဗျာများ ရေးဖွဲ့နိုင်ရေးအတွက် ရည်ရွယ်၍ အထောက်အကူပြု သင်တန်းဖြစ်သည့် ကဗျာရေးဖွဲ့နည်း(အခမဲ့) သင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၁၉ )ရက်နေ့မှ (၂၆) ရက်ထိ သင်ကြားခဲ့ပြီး ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရာမြေ)တို့က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု-၁၊ နှစ်သိမ့်ဆု-၂၊ ရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး သင်တန်းတွင် ပထမဆုရရှိသူ မဖူးယမုံစံမှ ဆုရကဗျာများကို ရွတ်ဆိုခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)