မြို့သစ် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခရမ်းချဉ်သီးတစ်ပိဿာကို (၁၅၀၀)ကျပ် စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးလျက်ရှိကြောင်း စျေးအတွင်း ကုန်မျိုးစုံ ဝယ်ယူ ရောင်းချနေသူ တစ်ဦးထံမှသိရသည်။
"ယခုနှစ် ခရမ်းချဉ်စိုက်ပျိုးသည့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများအနေဖြင့် ခရမ်းချဉ်သီးတစ်ပိ ဿာကို (၁၅၀၀)ကျပ်စျေး ရောင်းရတယ်၊ စျေးထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက်ပိုကိုက်နိုင်တာပေါ့၊ စိုက်ပျိုးသည့် မြေအနေအထားက တစ်ခါစိုက်ပြီး မြေမပင်ပန်းဘဲ စိုက်လို့ရတယ် လူပင်ပန်းလို့ နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲ မူတည်တယ်၊ ဒီစျေးအတိုင်း သွားမယ်ဆိုရင် မိသားစုအတွက် အဆင်ပြေနိုင်ပါတယ်"ဟု ၄င်းကပြောသည်။
ခရမ်းချဉ်စိုက် တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုကောင်းရင် ပြုစုနိုင်သလို အထွက်နှုန်း ကောင်းမွန်သည့်အတွက် ခရမ်းချဉ်စိုက်ပျိုးသူ များလာကြောင်း စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများထံကသိရှိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)